သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံကလက်ခံ ကျင်းပသွားမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာ ပါဝင်တက်ရောက်ရန် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်း ဆောင်ရွက်မှုကို မြန်မာက အသိအမှတ်ပြုပါသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်နိုင်ရေး အာဆီယံဥက္ကဋ္ဌအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ယခင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည်ကို တွေ့ရပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုစသည့် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မြန်မာနိုင်ငံခြားရေးမူဝါဒတို့နှင့် သွေဖည်နေသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိရန် အာဆီယံဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတို့က မည်သို့ပင်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံက “မူ”အရ လက်မခံနိုင်သည့် ယခင်ဆုံးဖြတ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်း စွာတွေ့ရပါသည်။ သို့ဖြစ်ပါ၍ အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့်ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နှင့်အညီ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်