အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး ကျင်းပခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး ကျင်းပခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်ကို မှတ်သားထားပါသည်။
အာဆီယံအသိုက်အဝန်း ထူထောင်ရေးနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံမှ ချမှတ်ထားသည့် ဦးစားပေး လုပ်ငန်းအစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြိုဆိုပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းပေါင်းစည်းရေး ကြိုးပမ်း ဆောင်ရွက်မှုကို အာဆီယံပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ နှင့် အာဆီယံ ကနဦး ပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ်-၄ (၂၀၂၁-၂၀၂၅) တို့မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သည် နိုင်ငံများအကြား ဆက်ဆံရေးအပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၌ အဓိက ကျင့်ဝတ်တစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖော်ပြခြင်း၊ အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့ဇုန်နှင့် အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေသော လက်နက်များ ကင်းမဲ့ဇုန်အဖြစ် ထိန်းသိမ်းနိုင်ရေးအတွက် ကတိကဝတ်ပြုခြင်း၊ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ဖော်ပြခြင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ ခုနှစ် အလွန် အကောင်အထည်ဖော်ခြင်းနှင့် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေး မူဘောင်အပါအဝင် အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးအစီအမံများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း တို့ကိုလည်း ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က အသက်ဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ကို မှတ်သားမိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ယင်းသဘောတူစာချုပ် အသက်ဝင်ရေးအတွက် စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောလျင်စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးလိုပါသည်။ သို့ရာတွင် မြန်မာနိုင်ငံက RCEP သဘောတူစာချုပ်အပေါ် ပေးပို့ခဲ့သည့် အတည်ပြုပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အကြောင်းပြု အဟန့်အတား ပြုခဲ့မှုကြောင့် စာချုပ်စာတမ်းများ ထိန်းသိမ်းသူအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အတွက် သဘောတူစာချုပ် အသက်ဝင်မှုတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို စိတ်မကောင်း ဖြစ်ရပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် အာဆီယံအဖွဲ့အပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်ရုံသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံးအပေါ်ကိုလည်း ယုံကြည်ကိုးစားမှုကို ထိခိုက်လာစေပါသည်။ ဥပဒေကို အခြေပြုသော အစိုးရအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ၌ ယင်းသို့ အဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေရေး မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်။
အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပါရှိသည့် အာဆီယံစံနှုန်းနှင့် “မူ” များမှတစ်ဆင့် အာဆီယံပြင်ပဆက်ဆံရေးတွင် ဗဟိုအချက်အချာ ကျမှုနှင့် စုစည်းညီညွတ်မှု အားကောင်းလာစေရန် အာဆီယံဥက္ကဋ္ဌက အလေးထားဆောင်ရွက်မည့် အစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုပါသည်။ သို့ဖြစ်ပါ၍ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သို့ ပြင်ပနိုင်ငံများက ပါဝင်ရန် စိတ်ပါဝင်စားမှုမြင့်မားလာခြင်းကို ကျေနပ်အားရမိပါကြောင်းနှင့် အဆိုပါနိုင်ငံများကို ဆောလျင်စွာ လက်ခံနိုင်ရေးကို မျှော်မှန်းပါသည်။ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရာ၌ လွန်ခဲ့သည့် နှစ် (၅၀) ကျော်တွင် အာဆီယံ၌ ကျင့်သုံးခဲ့သည့် ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို တိုက်တွန်းပါသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်ရေးကို ပံ့ပိုးသည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာပါ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက် ကြိုးပမ်းမှုများ အပေါ် အာဆီယံက ဆက်လက်ထောက်ခံခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်သားထားပါ သည်။ ယင်းနှင့်ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်၏ ဘက်စုံလိုအပ်ချက် ဆန်းစစ်လေ့လာမှုတစ်ရပ် (CNA) အခွင့်အခါသင့်ချိန်၌ ပြုလုပ်နိုင်ရေးကို အာဆီယံအနေဖြင့် မျှော်လင့်သကဲ့သို့ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာခြင်းအစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် စီမံကိန်းများ အတည်ပြုနိုင်ရန်အတွက်လည်းကောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၌ အာဆီယံမှ ထိထိရောက်ရောက် ပံ့ပိုးနိုင်မည့် ကဏ္ဍများကို ဆက်လက်၍ ရှာဖွေသတ်မှတ်ပေးရန် အတွက်လည်းကောင်း အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ပြန်လည်ကျင်းပပြုလုပ်သွားရန် အာဆီယံအတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံက ထပ်မံတိုက်တွန်းပါသည်။
တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် ရန်ကုန်မြို့၌ သံတမန်များကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါသည်။ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်းက တာဝန်ယူသွားမှုအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်း၊ မြန်မာ့ဦးဆောင်မှုတို့နှင့်အညီ အထူး ကိုယ်စားလှယ်အပါအဝင် အာဆီယံနှင့်လည်း အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အစည်းအဝေး၌ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ အပြုသဘော ပြောဆို ဆွေးနွေးမှုများရှိသော်လည်း အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့များအဖြစ်နှင့် တရားမဝင်အသင်းအဖွဲ့များအဖြစ် ကြေညာထားသည့်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်နှစ်နိုင်ငံက အကြံပြုခဲ့သည်ကို သတိပြုမိပါသည်။ မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် CRPH နှင့် NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးလိုပါ သည်။ အထူးကိုယ်စားလှယ်အား ယင်းသို့ အဖွဲ့အစည်းမျိုးဖြင့် ထိတွေ့ရန် အကြံပြုခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါမူများကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း ထိပါးစေပါသည်။ ယင်းအဖွဲ့ဝင် နှစ်နိုင်ငံက အာဆီယံအစည်းအဝေးများကို အသုံးချ၍ ထိုသို့ပြောဆိုခြင်းမျိုး မပြုလုပ်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချရန် ထပ်မံတိုက်တွန်း ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်