အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးအစီရင်ခံစာကို မြန်မာနိုင်ငံက ပယ်ချ
(၁၃-၄-၂ဝ၂၂ ရက်၊ နေပြည်တော်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၉ဝ ကျော်ကို လွှမ်းခြုံသည့် ၂၀၂၁ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး အလေ့အထများဆိုင်ရာ အစီရင်ခံစာများကို ၁၂-၄-၂ဝ၂၂ ရက်က ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်။ ထိုသို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများအပေါ် တစ်ဖက်သတ်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ခြင်းမှာ လူ့အခွင့်အရေးဟူသောခေါင်းစဉ်အောက်မှ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် နိုင်ငံရေးအရဆောင်ရွက်ခြင်းမှအပ အခြားသောအကြောင်းတရား မရှိပါ။
စင်စစ်အားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြပါအစီရင်ခံစာတွင် အစိုးရဆန့်ကျင်ဖက်အုပ်စုများနှင့် မီဒီယာများထံမှ ရရှိသော စွပ်စွဲချက်များနှင့် ပုံဖျက်ထားသော သတင်းများပါဝင်ကြောင်း တွေ့ရှိရသည်။ အစီရင်ခံစာတွင် အမေရိကန်ပြည်ထောင်စု၏ အကူအညီအထောက်အပံ့ကို လက်ခံရယူထားသော အဆိုပါသတင်းအရင်းအမြစ်များကို အကြိမ်ကြိမ် ကိုးကားထားသည်ကို တွေ့ရှိရသည်မှာ အံ့ဩဖွယ်မရှိပါ။ အစီရင်ခံစာတွင် မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉.၅၄ ရာခိုင်နှုန်း နှင့်ညီမျှသည့် မဲမသမာမှု ၁၁.၃ သန်း ဖြစ်ပေါ်ပြီးနောက် ၁-၂-၂၀၂၁ ရက်တွင် အရေးပေါ် အခြေအနေကြေညာခဲ့ရသည့် အဓိကအကြောင်းရင်းကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့သည်။ မဲသမာမှုများကို ယခင် NLD အစိုးရက နည်းလမ်းတကျဖြေရှင်းရန် လစ်လျူရှုမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရေးတို့ကို ရွေးချယ်ခဲ့မှုတို့ကြောင့် လက်ရှိတွင် CRPH ၊ NUG နှင့် PDF အကြမ်းဖက် အဖွဲ့အစည်းများက ကျူးလွန်သော အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အစီရင်ခံစာတွင် ခေါင်းစဉ်များစွာကို သိမ်းကျုံးစွပ်စွဲချက်များဖြင့် ဖော်ပြထားသော်လည်း အများပြည်သူ ဘေးကင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းမှုများကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့သည်။ သို့ဖြစ်ရာ အမေရိကန် ပြည်ထောင်စု အနေဖြင့် ယင်းကဲ့သို့ အစီရင်ခံစာများ ရေးသားရာတွင် သမာသမတ်ကျပြီး မျှတစွာ ဆောင်ရွက်ရန်လိုသည်။
မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာသည် အခြေအမြစ်မရှိသော အရင်းအမြစ်များနှင့် တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ဖတ်ရှုသူများကို နားလည်မှုလွဲစေရန်နှင့် အစိုးရကို နိုင်ငံရေးအရ အသရေဖျက်ရန် ရေးသားထားသည့် ဝါဒဖြန့်ချိရေးလက်နက်တစ်ခုအပြင် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည်။ အစီရင်ခံစာကို အငြိုးအတေးဖြင့် ထုတ်ပြန်သည်မှာ ထင်ရှားပြီး လိုရာဆွဲသောအချက်အလက်များကြောင့် ယင်းဘက်လိုက်မှုရှိသော အစီရင်ခံစာကို မြန်မာနိုင်ငံကပြတ်သားစွာ ပယ်ချလိုက်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ကန့်ကွက်စာကိုလည်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။