မြန်မာနိုင်ငံအပေါ်ထားရှိသော လူ့အခွင့်အရေးယန္တရားများမှ ဖုံးကွယ်ထားသော အချက်များကို မြန်မာနိုင်ငံက ထောက်ပြ(၄-၁၀-၂၀၂၂ ရက်)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၁၂-၉-၂၀၂၂ ရက် မှစ၍ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကထောက်ခံခြင်းမရှိသော နိုင်ငံတစ်ခုချင်းစီကိုဦးတည်သည့် အစီအစဉ်များ ပါဝင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံကို ဆက်လက်ရွေးချယ် ပစ်မှတ်ထားရန် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများက အပြန်အလှန်ဆွေးနွေးပွဲ အများအပြားကို ဖန်တီးခဲ့သည်။ ၁၂-၉-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် လည်းကောင်း၊ ၂၁-၉-၂၀၂၂ နှင့် ၂၂-၉-၂၀၂၂ ရက်တို့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ နှင့်လည်းကောင်း၊ ၂၂-၉-၂၀၂၂ ရက်မှာပင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့်လည်းကောင်း၊ ၂၆-၉-၂၀၂၂ ရက်တွင် ခေတ္တလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်လည်းကောင်း အပြန်အလှန် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။
တရားစွဲဆိုရေးအဖွဲ့မဟုတ်သည့် လူ့အခွင့်အရေးကောင်စီသည် IIMM ကဲ့သို့ ယန္တရားထူထောင်ရန် လုပ်ပိုင်ခွင့် မရှိဘဲ IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းယန္တရားသည် သက်တမ်းအကန့်အသတ်မရှိဘဲ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းသုံးစွဲခွင့်ရထားပြီး ၎င်းစုဆောင်းသည်ဆိုသည့် အချက်အလက်အပိုင်းအစ ၃ သန်း ကို မည်သည့်အခါမှ စိစစ်ခွင့်မရခြင်း၊ ကုလသမဂ္ဂ၏ အထူးလုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် ရယူခွင့်မရှိသော်လည်း IIMM က အမေရိကန်အစိုးရက ထပ်မံပေးအပ်သော ရန်ပုံငွေကိုလက်ခံခြင်းနှင့် ၎င်း၏ဝန်ထမ်း ရွေးချယ် ခန့်ထားမှု များကို မည်သည့်အခါကမျှ ထုတ်ပြန်မှု မပြုခြင်းတို့အပေါ် စိစစ်ကြပ်မတ်သည့် နည်းလမ်းများမရှိကြောင်း တွေ့ရှိရ သည်။ ပူးတွဲအဆိုတင်သွင်းသူများ လိုချင်သည့် ကောက်ချက်ချမှုများ ရရှိရန် IIMM ကိုယင်းသို့ မသဲမကွဲစီမံထားခြင်းကြောင့် IIMM ယန္တရား ကိုစတင်ထူထောင်စဉ်ကပင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း မရှိခဲ့ပါ။ လက်ရှိအချိန်အထိလည်း ယင်းရပ်တည်ချက်အတိုင်းပင် အသိအမှတ်မပြုကြောင်း ထပ်လောင်း ဖော်ပြအပ်သည်။
အထူးအစီရင်ခံစာတင်သွင်းသူသည် ၎င်းကိုယ်တိုင်ကိုယ်ကျ သိရှိခြင်းမရှိဘဲ ခိုင်လုံမှုမရှိသည့် ဆန့်ကျင်ဖက် အရင်းအမြစ်များကိုသာ အလွယ်တကူ ရည်ညွှန်းပြီး လုပ်ပိုင်ခွင့်ကို တလွဲသုံးလျက် မြန်မာအစိုးရသည် နိုင်ငံတကာပြစ်မှုများ ကျူးလွန်ကြောင်းကိုသာ အကြိမ်ကြိမ်စွပ်စွဲမှုများ ပြုလုပ်လျက်ရှိသည်။ ၎င်းသည် ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကျော်လွန်လျက် NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေး လူသိရှင်ကြား ဆော်ဩနေသည့်အပြင် ကလေးသူငယ် ၈၈ ဦး အပါအဝင် လက်နက်မဲ့ပြည်သူ ၃၈၀၀ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် NUG နှင့် PDFs အကြမ်းဖက်များ၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ခြင်းဖြင့် နိုင်ငံတကာကို လိမ်လည်လှည့်ဖျားလျက်ရှိသည်။ မျက်လုံးကိုအဝတ်ဖြင့်စည်းခံရသည့် အမျိုးသမီးဆရာမ (၂)ဦး အသက်ကို ချမ်းသာပေးရန် တောင်းပန်နေသည့်ကြားမှ PDFs အကြမ်းဖက်သမားများက ငဲ့ညှာမှု ကင်းစွာဖြင့် သတ်ဖြတ်သည့် ဗွီဒီယိုမှာ အွန်လိုင်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့်တိုင် အထူးအစီရင်ခံစာတင်သွင်းသူက မျက်ကွယ်ပြုခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှ ကျောင်းအုပ်ဆရာမတစ်ဦးနှင့် ဆရာမတစ်ဦးတို့ ၁၈-၈-၂၀၂၂ ရက်တွင် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပွားခဲ့သည့်ကိစ္စ မဟုတ်ပါ။ ၂၃-၈-၂၀၂၂ ရက်တွင် မန္တလေးမြို့၌ (၈)နှစ်အရွယ်သမီးငယ်ကိုကျောင်းပို့ပြီး ပြန်လာသောမိဘနှစ်ဉီးမှာလည်း PDFs အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ အထူးအစီရင်ခံစာ တင်သွင်းသူသည် မမှန်မကန် ဇာတ်လမ်းအားလုံးကို ထည့်သွင်းစဉ်းစားသော်လည်း ၎င်းလိုလားသော ဇာတ်ကြောင်းနှင့် ဆန့်ကျင် သည့် အချက်အလက်များကို ချန်လှပ်ထားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၌ NUG အကြမ်းဖက်သမားများက လူပေါင်း (၂၀)ကျော်ကို ကြောက်မက်ဖွယ် သတ်ဖြတ်ခဲ့ သည့် ကိစ္စမျိုးကိုမူ ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပါ။ ယင်းတို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆောင်ရွက်သူများက အထူးဖုံးကွယ်ထားသည့် အခြားသောအမှုပေါင်း ၃၈၀၀ အနက်မှ အနည်းငယ်သော ဖြစ်စဉ်များဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဘက်ပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ရန်အတွက် အချို့သော အနောက်နိုင်ငံများထံမှ ပံ့ပိုးမှုအမျိုးမျိုးရရှိထားသော အဖွဲ့အစည်းများနှင့် မီဒီယာများ၏ စာရွက်စာတမ်းများနည်းတူ လှုံ့ဆော်သည့်အစီရင်ခံစာဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် မဟာမင်းကြီးရုံးသည် မြန်မာနိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ကို တားဆီးပိတ်ပင် ရန် ရည်ရွယ်၍ နိုင်ငံပိုင်လုပ်ငန်းများအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများဆောင်ရွက်ရန် တောင်းဆိုထားပြီး ယင်းမှာ စင်စစ်တွင် ပြည်သူလူထု၏လူနေမှုဘဝအပေါ် သက်ရောက်စေမည်ဖြစ်သည်။ မဟာမင်းကြီးရုံးသည် ယင်းကိုဖုံးကွယ်ရန် မည်မျှပင်ကြိုးပမ်းစေကာမူ စီးပွားရေးအရပိတ်ဆို့မှုများသည် ပြည်သူလူထု၏ လူမှုစီးပွား ဘဝကို ထိခိုက်မှသာ ယင်းပိတ်ဆို့မှုများ ထိရောက်သည်ဆိုသည့်အချက်မှာ အများပြည်သူအသိပင်ဖြစ်သည်။
အလားတူ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီးသည်လည်း မြန်မာအစိုးရအပေါ် တစ်ဖက်သတ် စွပ်စွဲချက် များဖြင့် ချဲ့ကားပြောကြားခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာမြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်ခွင့်၊ ခုခံချေပခွင့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ခဲ့သည်။ ခေတ္တမဟာမင်းကြီးကနိုင်ငံအတွင်း အချို့သောထိတွေ့မှု ဖြစ်စဉ်များကို ပြောကြားခဲ့ရာတွင် တိုင်းရင်းသားဒေသအချို့ရှိ လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် NUG နှင့် PDFs အကြမ်း ဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအပေါ် ဆိုးရွားစွာကျူးလွန်မှုများကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ လက်နက်ကိုင်အဖွဲ့များ မရှိသည့်နေရာများတွင် တည်ငြိမ် အေးချမ်းလျက်ရှိသည်ကို ငြင်းပယ်၍မရကြောင်း အလေးထားဖော်ပြအပ်သည်။ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ အဖွဲ့အစည်း(၁၅) ခုနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်း(၂၆)ခု ရုံးလည်ပတ်လျက်ရှိရာ လူသားချင်းစာနာမှု အကူအညီများပေးအပ်ခွင့် ငြင်းပယ်ခံရကြောင်း စွပ်စွဲချက်မှာ ယုတ္တိမရှိကြောင်း တွေ့ရှိရ သည်။ မြန်မာနိုင်ငံအနေဖြင့် အတည်ပြုပြီးသော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန်အသင့်ရှိသော်လည်း “ရိုဟင်ဂျာ” အသုံးအနှုန်းကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ အသိအမှတ်မပြုကြောင်းဖော်ပြအပ်သည်။
လူ့အခွင့်အရေးကောင်စီ၏မူများနှင့်အညီ ရပ်တည်သည့်နိုင်ငံများကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ လူ့အခွင့်အရေးကောင်စီ ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင် သွင်းခဲ့သော မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် ချို့ယွင်းချက်များဖြင့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံကရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်