ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ကြေညာချက်များ၊ ပြောကြားချက်များအပေါ် မြန်မာ နိုင်ငံ၏တုံ့ပြန်ချက်(၂၈-၈-၂၀၂၃ ရက်)
ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှ ကြေညာချက်များ၊ ပြောကြားချက်များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်သည် အမှန်တကယ်အားဖြင့် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်တည်းအကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအချို့နှင့်အဖွဲ့အစည်းအချို့မှ ARSA ၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း တွေ့ရှိရသည်။ ထိုအချိန်က တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ဒေသခံပြည်သူများကို ကာကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူ တုံ့ပြန်မှုများကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် ၂၅-၈-၂၀၁၇ ရက်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်သည် ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို ရှုတ်ချ သင့်ကြောင်း အလေးထားပြောကြားလိုသည်။
ထို့ပြင် “ရိုဟင်ဂျာ” ဟုဆိုသည့်အသုံးအနှုန်းသည် မည်သည့်မြန်မာ့သမိုင်းနှင့် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများတွင် တွေ့ရှိရခြင်းမရှိကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သတိပေး လိုသည်။ ထို့ကြောင့် ယင်းအသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိသုံးနှုန်းကာ ယင်းဖြစ်စဉ် အပေါ် နိုင်ငံရေးသဘောသက်ရောက်စေရန် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များ ပြုလုပ် နေခြင်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးတွဲအစီအစဉ်များနှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာကြိုးပမ်းဆောင်ရွက် နေသည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အပြုသဘောထောက်ပံ့ကူညီရာရောက်မည်မဟုတ်ပါ။
မြန်မာအစိုးရအနေဖြင့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ရခိုင် ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက်လည်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို မည်သူမျှချန်လှပ်မှုမရှိစေရေးဟူသော မူဝါဒဖြင့် ပေးအပ်ခဲ့သည်။
မြန်မာအစိုးရသည် နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ပြီး အောင်မြင်စွာ ပြန်လည် လက်ခံရေးကို ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှဖြစ်စဉ်၏ အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေး သဘောသက်ရောက်စေသည့် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များပြုလုပ်ခဲ့ခြင်းကို ပြင်းထန် စွာပယ်ချလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်