လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာ နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက် (၁၁-၇-၂၀၂၄ ရက်၊ ဂျီနီဗာ)
လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအမှတ် A/HRC/L.18/rev.1 ကို ၁၀-၇-၂၀၂၄ ရက်တွင် မဲမခွဲဘဲ အတည်ပြုချမှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် သမာသမတ်ကျခြင်း၊ ရွေးချယ်ပစ်မှတ်မထားခြင်း၊ စံနှုန်း နှစ်မျိုးကျင့်သုံးမှုနှင့် နိုင်ငံရေးသွတ်သွင်းမှုတို့ကို ပပျောက်စေခြင်းစသည့် အခြေခံမူများနှင့် ကိုက်ညီ မှုမရှိသော နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများနှင့် ယင်းနှင့်ဆက်စပ်သော ယန္တရားများကို အစဉ်တစိုက် ဆန့်ကျင်သည့် ရပ်တည်ချက်အား ထပ်လောင်းအတည်ပြုသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် ယခုဆုံးဖြတ်ချက် အဆိုအပါအဝင် ယခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂၀၁၇ ခုနှစ်၊ ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ ဝမ်းနည်းဖွယ်ဖြစ်စဉ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့် Aqa Mul Mujahidin ခေါ် ARSA အစွန်းရောက်အဖွဲ့က အရပ်သားများနှင့် တပ်မတော်စခန်းများအား ကြိုတင် ကြံစည်တိုက်ခိုက်လှုံ့ဆော်မှုကြောင့်ဖြစ်သည်ဆိုသည့်အချက်ကို ဖုံးကွယ်လျက်ရှိကြသည်။ လွဲမှား သည့် မျှော်လင့်ချက်များကြောင့်လည်းကောင်း၊ အကြမ်းဖက်သမားများက အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းကြောင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ လူအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာခဲ့ကြရသည်။ ပြဿနာဖြစ်စေသည့် အဓိကအကြောင်းရင်းကို အသိအမှတ်ပြုခြင်း မရှိသော ယင်းဆုံးဖြတ်ချက်အဆိုသည် ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ဖြေရှင်းရန် ရည်ရွယ်ခြင်းမရှိသည်ကို ရှင်းလင်းစွာ ပြသနေသည်။
ရခိုင်ပြည်နယ်တွင် အေအေ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ ပြည်သူ များအား သတ်ဖြတ်ခြင်းနှင့် သေကြေထိခိုက်စေခြင်းတို့ကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား သဘောတူညီထားသည့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်အား အဟန့်အတား ဖြစ်စေသည်။ အေအေ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တန်ပြန်တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ဆန္ဒအလျောက် စာရင်းပေးသူ များဖြင့် သင်တန်းအပတ်စဉ်နှစ်ခုကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး၊ တပ်မတော်မှ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေသည်ဟူသောစွပ်စွဲချက်မှာ မှန်ကန်မှု မရှိပါ။ ဆုံးဖြတ်ချက်အဆိုတွင် ပါဝင်သည့် အချက်များသည် မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိရုံသာမက နိုင်ငံတော်၏ လုံခြုံရေးတပ်ဖွဲ့များအပေါ် အထောက်အထားမဲ့ စွပ်စွဲချက်များဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စိစစ်အတည်ပြုပြီးသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ နေရပ် ပြန်ရေးအတွက် ခိုင်မာစွာ ကတိကဝတ်ပြုထားသော်လည်း ဥပဒေအရနှင့် နိုင်ငံ၏ သမိုင်း အထောက်အထားများတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို အသိအမှတ်မပြုသကဲ့သို့ ဆုံးဖြတ်ချက်အဆိုတွင်ပါရှိသည့် နေရပ်စွန့်ခွာသူအရေအတွက် ဖော်ပြ သည့် ကိန်းဂဏန်းများကိုလည်း သဘောတူလက်ခံခြင်း မရှိပါ။
မြန်မာနိုင်ငံအနေဖြင့် အမုန်းစကားတိုက်ဖျက်ရေးကို အထူးအလေးထားသည်ဖြစ်ရာ အသိပညာ ပေးမှုများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင်၊ သတင်းအချက်အလက် များအား အချိန်နှင့်တပြေးညီ ပြည်သူလူထုထံသို့ ပေးပို့လျက်ရှိသည်။ ပြည်ပရှိ မီဒီယာများနှင့် အေအေ အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ သတင်းမှားများနှင့် လုပ်ကြံသတင်းများဖြင့် လှုံ့ဆော်မှုများကို အချို့သော လူမှုကွန်ရက်များတွင် လွှင့်တင်လျက်ရှိသည်။ ဆုံးဖြတ်ချက်အဆိုတွင် အမုန်း စကား ဖြစ်စေနိုင်သည့် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ ပါဝင်သည့်အပေါ် မြန်မာနိုင်ငံ၏ စိုးရိမ်မှုကို ထပ်လောင်းဖော်ပြသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီများ၏ ကွင်းဆင်းလေ့လာမှုများနှင့် ခရီးသွားလာ မှုများအား လုံခြုံရေးအခြေအနေပေါ်မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။ ၎င်းတို့၏ မေတ္တာရပ်ခံချက် အရ ကုလသမဂ္ဂ၏ နိုင်ငံတကာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ရွှေ့ပြောင်းရာတွင်လည်း အစိုးရက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်နိုင်ခြင်း မရှိသည့် ကိစ္စသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့်သာဖြစ်ပြီး၊ ဆုံးဖြတ်ချက်အဆိုတွင် ပါဝင်သော စွပ်စွဲချက်များသည် အဖြစ်မှန်နှင့် များစွာသွေဖည်လျက်ရှိသည်။
မြေပြင်အခြေအနေ တိုးတက်နေသော်လည်း ဆုံးဖြတ်ချက်အဆို၏ စာသားများက ပေါင်းစပ် အပြန်အလှန်ဆွေးနွေးပွဲ (Enhanced Interactive Dialogue-EID) နှစ်ခုနှင့် အပြန်အလှန်ဆွေးနွေးပွဲ တစ်ခုတို့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရေးအတွက် ဖန်တီးခဲ့သည်။ ယင်းသည် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသည့်ကာလတွင် လူ့အခွင့်အရေး ကောင်စီ၏ လုပ်ငန်းများကို ပိုမိုထိခိုက်စေသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက် အဆိုကလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွက် သီးသန့်အပြန်အလှန်ဆွေးနွေးပွဲ (၄) ခု ပြုလုပ်ရန် ဖန်တီးခဲ့သည်။ ယင်းသည် မလိုလားအပ်သည့် လုပ်ငန်းတာဝန်များအား ထပ်တလဲလဲ ပြုလုပ်နေသည်ကို သိသာစွာ ပြသနေခြင်းဖြစ်သည်။
အထက်ဖော်ပြပါအချက်များအပြင် အဆိုပါဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး၊ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအပေါ် ဩဇာပေး ချုပ်ကိုင်နေခြင်းဖြစ်သည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်အဆိုအမှတ် A/HRC/L.18/rev.1 တစ်ခုလုံး အား ပြင်းထန်စွာ ကန့်ကွက်ပြီး၊ ယင်းဆုံးဖြတ်ချက်အဆိုအား အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ပါဝင်ပတ်သက်မှုမပြုကြောင်း ဖော်ပြအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဉီးတည်သော ဆုံးဖြတ်ချက်အဆိုများကို ဆန့်ကျင်သည့် အခြေခံမူများကို မြဲမြံစွာစွဲကိုင်ထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်းနှင့် ကျန်နိုင်ငံ များကိုလည်း အလားတူ ဆောင်ရွက်ရန် တောင်းဆိုကြောင်း ဖော်ပြအပ်သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး
ဂျီနီဗာမြို့။