မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင် သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်(၈-၄-၂၀၂၄ ရက်)
(၈-၄-၂၀၂၄ ရက်၊ နေပြည်တော်)
မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေး ခဲ့သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်။ ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အပြန်အလှန် ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံကတင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ”ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အဆိုတွင် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ် စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ စနစ်တကျ ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့်ပတ်သက်၍လည်း လိုအပ်သူများထံ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ကုလသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့၏ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၌ နိုင်ငံခြားသားဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း ၁,၆၀၀ ခန့် အပါအဝင် ဝန်ထမ်းစုစုပေါင်း ၁,၇၀၀ ကျော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏သံရုံးများကို မြေပြင်လုံခြုံရေး အခြေအနေပေါ်မူတည်၍ ခရီးသွားရောက်ခွင့်ပြုခဲ့သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁,ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများအား အကြိမ် ၆ဝ ကျော် ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများအား စုစုပေါင်း အကြိမ် ၂၅၀ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း များအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အစီရင်ခံစာ အချို့နှင့် သတင်းထုတ်ပြန်ချက် အချို့တွင် အလေးပေးထားသည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များ မှာ အခြေအမြစ်မရှိကြောင်း အတိအလင်းဖော်ပြလိုသည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ ဘက်မှ အဆင့်မြင့်အရာရှိကြီးများ၏ အဆိုပြုခရီးစဉ်များကို ညှိနှိုင်းပေးခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ Under-Secretary-General နှင့်ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ Under-Secretary-General တို့၏ခရီးစဉ်များ အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ် စုစုပေါင်း ၁၉ ခုကို ညှိနှိုင်းပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူ များကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး၊ စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန်အသင့်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေ ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြည့်အဝ ကတိကဝတ်ပြုဆောင်ရွက်လျက်ရှိ သည်။ လတ်တလောတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကိုမစတင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို ဦးတည်သည့်ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘော ဆောင်သော ဆွေးနွေးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုရုံသာမက ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ်မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်သည်။ သို့ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံ အနေဖြင့် ပြတ်သားစွာ ခြွင်းချက်မရှိပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသောနိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ယခင်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ပ်အား ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေး လုပ်ပိုင်ခွင့် ပါဝင်သော ဆုံးဖြတ်ချက်အဆို အပါအဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆို များကို လက်မခံဘဲပယ်ချသော်လည်း ကုလသမဂ္ဂနှင့် အပြုသဘော ပူပေါင်းဆောင်ရွက်မှုကို ပြသသည့်အ နေဖြင့် ယခင်အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ ယခု မစ္စဂျူလီဘစ်ရှော့ပ် အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂဘက်က မြန်မာအစိုးရအား တရားဝင်အသိပေးအကြောင်းကြားမှု မရှိခဲ့ကြောင်း ဖော်ပြအပ်သည်။ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူ ပြုမည်မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့်အပြန်အလှန် ထိတွေ့ဆောင်ရွက်မှု တို့မှတစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဖြစ်ကြောင်း အလေးထားဖော်ပြအပ်သည်။