သတင်းထုတ်ပြန်ချက်

(၂၆-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၈) ရက် နေ့အထိ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိခဲ့ပါသည်။
အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်းတို့သည် အာဆီယံ ပဋိညာဉ်စာတမ်းပါမူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေပြီး၊ အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်” ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါ။
ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင် နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယင်းအစည်းအဝေး ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါ အစည်းအဝေးတွင်ပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက်၊ အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ဖိတ်ကြားခဲ့သည်။
သို့ပါ၍ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့သည်။
မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါ မူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားပါမည်။

You are here: Home သတင်းထုတ်ပြန်ချက်

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time