ထန်တလန်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်အတွင်းရှိ ဟားခါးနှင့် ထန်တလန်မြို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် သီးမြစ်ချောင်းတံတားအား အောက်တိုဘာ ၂၁ ရက်တွင် ဖောက်ခွဲဖျက်ဆီး၍ ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုနှင့် လူမှုစီးပွားဘဝ ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည်။
၎င်းအပြင် ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အမှတ် (၁) ရပ်ကွက်ရှိ လမ်းဆုံအနီး၌ PDF အကြမ်းဖက်သမား ၅ ဦးခန့်က လက်လုပ်ဆွဲမိုင်း ၃ လုံး ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်း လင်းတိုက်ခိုက်စဉ် အကြမ်းဖက်သမားများသည် အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် အချို့မီးလောင်လွယ်သည့်ပစ္စည်းများကို စုပုံမီးရှို့ဖျက်ဆီး၍ ဆုတ်ခွာသွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့အတွင်းရှိ နေအိမ်များအတွင်း ခိုအောင်း၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်၍ ယနေ့နံနက်ပိုင်းတွင် မြို့အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ရပ်ကွက်အတွင်းရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ လူနေအိမ် ၇၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ပြီး နောက် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏလုပ်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

You are here: Home ထန်တလန်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time