မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အဆိုကို နိုင်ငံရေးသွတ်သွင်းနေမှုထက်ပို၍ မည်သည့်အကြောင်းပြချက်မျှ မရှိဟုရှုမြင်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေး မှုဆိုင်ရာကော်မတီ) ၏ ၁၇-၁၁-၂၀၂၁ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar) ကို မဲမခွဲဘဲ အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ယင်းအဆိုတွင် မြန်မာအစိုးရမှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများနှင့် စိန်ခေါ်မှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ပေးနေမှုများကို ထင်ဟပ်သည့် ဖော်ပြချက်များ မပါရှိကြောင်း တွေ့ရှိရသည်။ အဆို (Resolution) တွင် ပါဝင်သည့်အချက်များသည် မြန်မာနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်နေသည့် အုပ်စုများ၊ မတရားအသင်း၊ အကြမ်းဖက်နှင့် လက်နက်ကိုင်အဖွဲ့များဘက်မှရရှိသည့် အချက်များ၊ အခြေအမြစ်မရှိသည့်အချက်များကို စိစစ်မှုမပြုဘဲ ဖော်ပြထားသောကြောင့် ခိုင်မာမှန်ကန်မှု မရှိကြောင်း တွေ့ရှိရသည်။ အဆိုတွင် CRPH ၊ NUG နှင့် PDF ဆိုသည့် အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကို လျစ်လျူရှုထားသည်။ ယင်းအကြမ်းဖက်အဖွဲ့များက သံဃာတော်များ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် နိုင်ငံရေးပါတီဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၃၀၀ ကျော်အား သတ်ဖြတ်ခဲ့သည်။
ယင်းအဆို၏ မူရင်းဇာစ်မြစ်သည် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်မှာ ARSA (ခေါ်) Aqua Mul Mujahidin ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုတွင် အစဉ်အဆက်ပါရှိသည့် အချက်များသည် ပကတိ မြေပြင်အခြေအနေမှန်များ၊ ဒေသ သမိုင်းနောက်ခံ နှင့် ယင်းကိစ္စ၏ အခြေခံအကြောင်းအရင်းများကို မျှတမှန်ကန်စွာ ရည်ညွှန်းထားခြင်း မရှိပါ။ ထို့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရာနှင့်ချီသော နေရပ်စွန့်ခွာ ဟိန္ဒူများအပါအဝင် အသိုက်အဝန်းအားလုံး၏ ဆင်းရဲဒုက္ခ၊ ၎င်းတို့အား နေရပ်သို့ ပြန်လာခွင့်ပြုရန် မြန်မာအစိုးရမှ အကြိမ်ကြိမ် ကြိုးစားဆောင်ရွက်ခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပျက်ကွက်မှုများကို ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။ နှစ်နိုင်ငံအကြား သဘောတူထားသည့် လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်နိုင် ခြင်း မရှိသေးသော်လည်း နေရပ်စွန့်ခွာသူ ဘင်္ဂါလီစုစုပေါင်း ၇၀၀ ကျော်ခန့်က ၎င်းတို့ဆန္ဒဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် အစွန်းရောက် ဝါဒီများ ကြီးစိုးလျက်ရှိသဖြင့် နေရပ်စွန့်ခွာသူ အများအပြားမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်မလာနိုင်သည်ကိုလည်း ကောင်းစွာ နားလည်သိရှိထားရန် လိုသည်။ မြေပြင်အချက်အလက်အမှန်များကို ယင်းအဆိုတွင် ထည့်သွင်းရန် ပျက်ကွက်ခြင်းသည် သက်ဆိုင်ရာနိုင်ငံအတွက်သာမကဘဲ ဘက်လိုက်မှုမရှိခြင်းနှင့် ဓမ္မဓိဌာန်ကျခြင်း စသည့် စံနှုန်းများကို ထိန်းသိမ်းလိုက်နာရမည့် ကုလသမဂ္ဂအဖွဲ့အစည်း၏ ပုံရိပ်ကိုပါ ထိခိုက်နစ်နာစေသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း စိစစ်အတည်ပြုနိုင်သည့် နေရပ်စွန့်ခွာသူများကို လက်ခံရန်နှင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာပါက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဉပဒေနှင့် ကိုက်ညီသူများကို သင့်လျော်သည့် နိုင်ငံသားပေးရန် တို့အတွက် မြန်မာနိုင်ငံဘက်မှ အသင့်ရှိသည်။ သို့သော် မြန်မာနိုင်ငံက “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို အသိအမှတ်ပြုခြင်း မရှိပါ။ စင်စစ်တွင် ယင်းအသုံးအနှုန်းကို တိုင်းရင်းသား အဆင့်အတန်းနှင့် နယ်မြေရရှိရေး ရည်ရွယ်ချက်ဖြင့် သုံးနှုန်းနေခြင်း ဖြစ်သည်။ ယင်းအသုံးအနှုန်းသည် ဉပဒေအရနှင့် နိုင်ငံ၏ သမိုင်းအထောက်အထားအရ မရှိခဲ့သောကြောင့် မြန်မာပြည်သူများက လက်ခံနိုင်ခြင်း မရှိပါ။ တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG နှင့် ကျော်မိုးထွန်း တို့သည် “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို အသိအမှတ်ပြုသည့်အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဉပဒေကို ဖျက်သိမ်းရန် လှုံ့ဆော်မှုတွင် ပါဝင်နေသည်ကို တွေ့ရသည်မှာ စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ယင်းသို့ အတုအယောင် တောင်းဆိုချက်များကို အသိအမှတ်ပြုခြင်းမှာ နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားနှင့် သမိုင်းအထောက်အထားများကို ပစ်ပယ်ခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအပေါ် ဉီးတည်ချမှတ်သည့် အဆိုဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ပြနိုင်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းလုပ်ရပ်များကို အစဉ် ကန့်ကွက်ခဲ့သည်။ ယခုကဲ့သို့ကိစ္စမျိုးကို မြန်မာနိုင်ငံအနေဖြင့် ယခင်က မဲခွဲရန် တောင်းဆိုလေ့ ရှိခဲ့သော်လည်း ယခုနှစ် အဆိုမူကြမ်းအား မဲမခွဲဘဲ ဆုံးဖြတ်ခဲ့ခြင်းမှာ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု မှန်ကန်မှုမရှိခြင်း နှင့် နိုင်ငံ၏ တရားဝင်ကိုယ်စားလှယ် တက်ရောက်နိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံထားရပြီး လက်ရှိတွင် တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့ ဖြစ်သည့် NUG ဆိုသောအဖွဲ့ကို ကိုယ်စားပြုနေသူ ကျော်မိုးထွန်းအား တက်ရောက်ခွင့်ပေးမှုကိုလည်း လုံးဝလက်ခံနိုင်ဖွယ်မရှိသဖြင့် မြန်မာနိုင်ငံက ကန့်ကွက်သည်။ ကျော်မိုးထွန်း၏ ပြောဆိုချက်များ၊ အထူးသဖြင့် ဘင်္ဂါလီကိစ္စသည် မြန်မာအစိုးရ အဆက်ဆက်၏ မူဝါဒ၊ ရပ်တည်ချက်များနှင့် ကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူကို ကိုယ်စားမပြုသောကြောင့် မြန်မာနိုင်ငံက ပြင်းထန်စွာ ပယ်ချလိုက်သည်။
ကုလသမဂ္ဂ၏ ယခုကဲ့သို့ ဆောင်ရွက်ချက်များသည် အဖွဲ့အစည်း၏ ဘတ်ဂျက်မှ နှစ်စဉ် ရန်ပုံငွေ များစွာသုံးစွဲပြီး နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ဉီးတည်၍ အဆိုမူကြမ်း တင်သွင်းလျက်ရှိသည့် နိုင်ငံအချို့အား ကျေနပ်အားရစေရန် နိုင်ငံရေးသွတ်သွင်းနေမှုထက်ပို၍ မည်သည့်အကြောင်းပြချက်မျှ မရှိနိုင်ဟု မြန်မာနိုင်ငံအနေဖြင့် ရှုမြင်သည်။ ယင်းအဆိုတွင် ပြင်ပယန္တရားများကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အသုံးအနှုန်းများနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားမှုမရှိသည့် ဖော်ပြချက်များပါရှိသောကြောင့် မြန်မာနိုင်ငံမှ အဆိုဆုံးဖြတ်ချက်ကို လုံးဝ ပယ်ချ၍ ပါဝင်ပတ်သက်မှု မရှိကြောင်း ဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။