နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ် သွားရောက်
ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။
ဖနောင်ပင်မြို့သို့ရောက်ရှိနေစဉ်အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား ဂါရဝပြုတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေးသာမက အာဆီယံနည်းလမ်းနှင့် စိတ်ဓာတ်ကို အခြေခံလျက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ အတွင်း ဦးစားပေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်သွားနိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံမူဘောင်အောက်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုဝန်ကြီး သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့လည်း တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။