သတင်းထုတ်ပြန်ချက်
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ (International Organization for Migration- IOM) သည် “Rohingya Cultural Memory Centre” ခေါ် အင်တာနက် စာမျက်နှာတစ်ခုကို ထူထောင်ခဲ့ကြောင်း သိရှိရသည်။ IOM သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ပူးပေါင်း၍ “Art, Life, Rohingya” အမည်ဖြင့် အွန်လိုင်းပြပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။ ယင်းကဲ့သို့ အင်တာနက်စာမျက်နှာထူထောင်ခဲ့ခြင်းသည် IOM ၏ လုပ်ပိုင်ခွင့်နှင့် ကျွမ်းကျင်မှုနယ်ပယ်ထက် ကျော်လွန်နေပြီး IOM သည် လူအုပ်စုအချို့၏ အတုအယောင်လူမျိုးတောင်းဆိုမှုကို အတည်ပြုပေးနိုင်သည့် အခြေအနေတွင် မရှိခြင်းကြောင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ၂၃-၁၂-၂၀၂၁ ရက်တွင် IOM သို့ ကန့်ကွက်စာပေးပို့ခဲ့သည်။ မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းမှတ်တမ်းတွင်မရှိခဲ့သည့် “ရိုဟင်ဂျာ” အသုံးအနှုန်းကို မြန်မာနိုင်ငံက အစဉ်တစိုက်ပယ်ချပြီး ယင်းအသုံးအနှုန်းကို မြန်မာပြည်သူများက အသိအမှတ်ပြုခြင်းမရှိပါ။ ထို့ပြင် အဆိုပါအင်တာနက်စာမျက်နှာတွင် ပါရှိသော မှားယွင်း၍ လုပ်ကြံဖန်တီးထားသည့် ဖော်ပြချက်များနှင့် မဟုတ်မမှန်မုသားများကို မြန်မာနိုင်ငံက ပယ်ချလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်