(၅၆)ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်ထုတ်ပြန်ခဲ့သည့်ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ဖော်ပြချက်အချို့သည် အာဆီယံပဋိညာဉ်ပါ မူကြီးများနှင့် ကိုက်ညီခြင်းမရှိအတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်(၁၄-၇-၂၀၂၃ ရက်)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၁၁-၇-၂၀၂၃ရက်တွင်ပြုလုပ်ခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့အတွက် စိတ်ပျက်မိကြောင်း မြန်မာအစိုးရကိုယ်စား ဖော်ပြအပ်သည်။
 
အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေမှုများနှင့်  သဘောထား ရပ်တည်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားကြောင်း တွေ့ရှိရသည်။
 
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့် ထုတ်ပြန်ချက်တွင်မဆို  နိုင်ငံတစ်နိုင်ငံအား သီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်ရေးကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် “ဝင်ရောက်မစွက်ဖက်ရေးမူ” နှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမျှ လက်ခံခြင်းမရှိကြောင်း ထပ်မံဖော်ပြအပ်သည်။
 
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်းစဉ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ သို့ရာတွင် ပူးတွဲကြေညာချက်အား အပြီးသတ်ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံမှ အဆိုပြုပြင်ဆင်ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့သည်။
 
သို့ဖြစ်၍၊ အထက်ဖော်ပြပါအချက်များကို အခြေခံလျက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချလျက် ပါဝင်ပတ်သက်မှု မရှိကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိရေး တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုဖော်ပြအပ်သည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄  ရက်
You are here: Home (၅၆)ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်ထုတ်ပြန်ခဲ့သည့်ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ဖော်ပြချက်အချို့သည် အာဆီယံပဋိညာဉ်ပါ မူကြီးများနှင့် ကိုက်ညီခြင်းမရှိအတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်(၁၄-၇-၂၀၂၃ ရက်)

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time